ပြောချင်တာလေးတွေ
ရွာလေးတစ်ရွာရဲ့ အလယ်မှာ သူအိုမကြီးတစ်ယောက် နေထိုင်တယ်။ တစ်ရက်ကျတော့ အဲဒီ သူအိုမကြီးဆီ သူ့သမီးလေးက ၀က်ကလေးနှစ်ကောင် လာပို့သွားတယ်။ အမေကြီးအောင်မွေးတဲ့။ ကြီးရင်အမေ့အတွက် ငွေပိုငွေလျှံရအောင်လို့တဲ့လေ။ ဒါနဲ့ သူအိုမကြီးလည်း ၀က်ပေါက်လေးနှစ်ကောင်ကို စား<ကင်းစားကျန်လေးတွေကျွေးရင်း ကြီးပြင်းအောင်မွေးတာပေါ့။ အချိန်တွေတစ်ရက်ပြီး တစ်ရက် နှစ်တွေလည်း လွန်လာတော့ ချစ်စရာဝက်ကလေးနှစ် ကောင်ဟာ ၀၀ကစ်ကစ်နဲ့အတော်ကို ထွားလာတယ်။ သူအိုမကြီး အပေါ်လည်း အတော်ချစ်ခင်ကြတယ်။ သူအိုမကြီးရဲ့အစာခွက်ခေါက်သံနဲ့ ]] သားတို့ရေလာကြ၊ လာကြ၊ထမင်းစားချိန်ရောက်ပြီ }}ဆိုတဲ့အသံကြားရတာနဲ့ ဘယ်ဆီဆော့ကစားနေမှန်းမသိတဲ့ ၀က်ကလေး နှစ်ကောင်ဟာ ကဆုန်ပေါက်ပြီး သူအိုမကြီးထံ ရောက်လာလေ့ရှိတယ်။ အစာထည့်ပေးနေတဲ့ သူအိုမကြီး ရဲ့ခြေထောက်အစုံကို သူတို့ကိုယ်လုံး ၀၀လုံးလုံးလေးတွေနဲ့ ပွတ်သပ်ကြတယ်၊ ချစ်ခင်လေးစားတဲ့ မျက်လုံးလေးတွေနဲ့ သူတို့ အမေအိုကြီးကို မော့ကြည့်တက်ကြတယ်။ ပြီးတော့မှ နှစ်ကောင်သား ခေါင်းမဖော်တမ်း စားကြတယ်လေ။ ညဘက်ရောက်တော့လဲ တဲရှေ့မှာ အမေအိုကြီး အိပ်ပြီဆိုမှ နှစ်ကောင်သား အိပ်လေ့ရှိတယ်။ မနက်မိုးလင်းရင်တော့ ၀က်ကလေးတို့ သဘာဝရွာရိုးကိုးပေါက် လျှောက်ဆော့ကြတာပေါ့၊ နေ့လယ်အစာကျွေးချိန် အမေအိုရဲ့ ခွက်ခေါက်သံမကြားမခြင်း သူတို့ ဘယ်ရောက် နေကြတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။
ဒီလိုနဲ့ ရွက်ဝါတွေ သုံးခါမြောက်ကြွေချိန်ကြတော့ ချစ်စရာဝက်ပေါက်လေး နှစ်ကောင်ဟာအတော်ကြီးမားထွားကြိုင်းတဲ့ ၀က်ကြီးတွေဘ၀ရောက် လာကြတယ်။ အချိန်တွေပြောင်းပေမယ့် သူတို့ရဲ့ ရှင်သန်နေထိုင်ပုံကတော့ ဘာမျှပြောင်းလဲမသွားဘူး။ မနက်ဆို ရပ်တကာလှည့် လျှောက်သွားနေကြတဲ့ ၀က်လေးနှစ် ကောင်ဟာ အမေအိုရဲ့ ခွက်ခေါက် သံကြားရချိန်မှ ပြန်ရောက်လာကြတယ်။ ညဆိုလည်း အမေအိုအိပ်မှ သူတို့အိပ်မြဲ။ ဒီလိုနဲ့ သူတို့ သာယာချမ်းမြေ့ခဲ့ကြတယ်။ တစ်နေ့မှာတော့ သူတို့ချစ်တဲ့ အမေအိုကြီးအိမ်ကို အရုပ်ခပ်ဆိုးဆိုး ကြမ်းကြမ်းတမ်းတမ်းရှိတဲ့လူနှစ်ယောက် တက်သွားတာမြင်လိုက်ရ တယ်။ မြင်မြင်ချင်းပဲ ၀က်လေးနှစ်ကောင် တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ရင်း ချက်ချင်းနားလည် လိုက်ကြတယ်၊ ဘာလို့လဲဆိုတော့ နေရာဆုံအောင်လျှောက်ဆော့နေကြတဲ့ ၀က်နှစ်ကောင်က ဒီလူ နှစ်ယောက်ကို ကောင်းကောင်းမှတ်မိကြတယ်လေ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ကောင်ရဲ့ သူငယ်ချင်း ၀က်ကလေးအတော်များများ သေဆုံးခဲ့ဘူးကြတယ်လေ။ သူတို့ရဲ့ညှာတာစိတ်ကင်းမဲ့ပြီး ရက်စက်လွန်း တဲ့မှိန်းချက်အောက်မှာ မချိမဆန့်အော်ဟစ်သေဆုံးသွားခဲ့တဲ့ သူငယ်ချင်းတွေကို ၀က်ကလေးတွေ ဘယ်တော့ မှ မမေ့ကြဘူး၊ အခုလည်း ဒီလူတွေ သူတို့အိမ်ပေါ်ရောက်လာကြပြီ၊ အဓိပ္ပါယ်ကတော့ ဒီတစ်ခါ သူတို့ အလှည့်ဖြစ်ပြီပေါ့၊ သနားစရာကောင်းတဲ့ဝက်ကလေးနှစ်ကောင်ဟာ သူတို့သေရတော့မယ် ဆိုတာ အလိုလိုနားလည်လိုက်ကြတယ်။ မျက်ဝန်းကမျက်ရည်တွေလည်း ကျလို့၊ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်နေကြတယ်၊ သူတို့ မသေချင်သေးဘူး၊ ပျော်စရာကောင်းတဲ့ ဘ၀လေးတွေမှာ နေချင်ကြတယ်။ သူတို့သူငယ်ချင်းတွေလိုလည်း ကြောက်စရာကောင်းတဲ့ ဝေဒနာကြီး မခံစားချင်ဘူး။ နောက်ဆုံးတော့ ၀က်ကလေးနှစ်ကောင် ဆုံးဖြတ်ချက်ချလိုက်တယ်။ သူတို့ ထွက်ပြေးကြမယ်လို့။
အတော်ဝေးဝေးတစ်နေရာက တဲအိမ်ကလေးတစ်လုံးရဲ့ ထောင့်လေးမှာ ၀က်ကလေးတွေပုန်းနေကြ တယ်။ ကြောက်လွန်းလို့ အခုထိ တစ်ဆတ်ဆတ်တုန်လို့၊ ၀က်အကြီးကလေးက အငယ်ကလေးကို အားပေးတယ်။ "ညီလေးရယ်တို့ကို သူတို့ မတွေ့နိုင်ပါဘူး " တဲ့။ ညီအစ်ကိုနှစ်ကောင် တိတ်တိတ်ကလေး နေနေလိုက်တာ သိပ်သနားစရာကောင်းတာပဲ။ ခဏနေတော့ သူတို့အမေအိုကြီးရဲ့ အသံကြားလိုက် ရတယ်။ သူတို့ အစာခွက်ခေါက်သံလဲကြားရတယ်။ " သားတို့ရေလာကြ၊ အစာစားချိန်ရောက်ပြီ၊ " ဒီတစ်ခါ အမေအိုရဲ့အသံကြားလို့ သူတို့ကဆုန်ပေါက်ပြီး ပြေးထွက်မလာကြပါဘူး၊ မျက်ရည်တွေကျနေတဲ့ဝက်ကလေးနှစ်ကောင်ဟာ နေရာကတစ်စက်မှ မရွှေ့ဘဲ တစ်ဆက်ဆက်တုန်လို့။ အမေအိုရဲ့အသံ နောက်တစ်ကြိမ်ထွက်လာပြန်တယ်။'သားတို့ရေ အစာစားချိန် ရောက်ပြီလေ၊ ဘယ်များသွားနေကြသလဲကွယ်၊ အမေ့ဆီလာကြပါဦး " ၀က်ကလေးနှစ် ကောင် အသံတောင်မထွက်ရှာဘူး၊ တုန့်ပြန်မှုမရတဲ့အမေအိုခမျာ၊ ၀က်ကလေးနှစ်ကောင် ဘယ်များသွားနေ လဲဆိုပြီး ရွာရိုးတစ် လျှောက်လိုက်လံရှာဖွေတယ်။ ပါးစပ်ကလည်း တကြော်ကြော်ခေါ်လို့ " သားတို့ရေ ဘယ်များသွားနေလဲ၊ အမေ့ဆီပြန်လာကြပါ။ အမေ့ကို ဒုက္ခမပေးပါနဲ့ကွယ် "အမေအိုရဲ့စကား သံက ၀က်ကလေးတွေရဲ့နှလုံးကို တကယ်ပဲ ထိခိုက်စေပါတယ်။ မှုန်မှုန်ဝါးဝါး မမြင်မစမ်းနဲ့ လိုက်ရှာနေတဲ့ အမေအိုကို ၀က်ကလေးတွေ အတိုင်းသားမြင်နိုင်ပေမဲ့ အမေအို ခမျာတော့ ၀က်လေးတွေကို မြင်နိုင်စွမ်း မရှိပါဘူး။ ဒီဝက်ကလေးနှစ်ကောင်နှင့် ပတ်သတ်လို့ အမေအို စိတ်မကောင်းဖြစ်ရတာလည်း အမှန်ပါ။ ဒါပေမဲ့ သူကိုယ်တိုင်က အိုကြီးအိုမ မပြည့်စုံဘူးလေ။ အခုလည်းဝက်ကလေးတွေကို ရောင်းရငွေနဲ့ ယိုင်ပြီး အမိုးမလုံတဲ့သူ့အိမ်လေးကို ပြန်ပြင်ဆောက်ရမှာ၊ ၀က်ကလေးတွေနဲ့ သူ့ရဲ့စားသောက်စရိတ် တွေကြောင့် တက်လာတဲ့ အကြောင်းတွေလည်း ချေရဦးမယ်လေ။ ဒါတွေကြောင့်ဘဲ ၀က်ကလေးတွေရောင်းဖို့ သူစဉ်းစား ရတော့တာပေါ့။
အော်ဟစ်ခေါ်ငင်နေတဲ့အမေအိုကို ကြည့်ရင်းဝက်ကလေးနှစ်ကောင်မျက်ရည်တွေကျလာတယ်။ သူတို့ထွက်လာ၇င် သေရမယ်ဆိုတာ သေချာသိနေတယ်။ ဆက်ပြီးပုန်းနေဖို့ကလည်း မမြင်မစမ်းနဲ့ လိုက်လံရှာဖွေနေရတဲ့ အမေအိုကို မကြည့်ရက်ပြန်ဘူး။ နောက်ဆုံးတော့ ၀က်အကြီးလေးက ဆုံးဖြတ်ချက် ချလိုက်တယ်။ သေရမှာကြောက်လွန်းလို့ တုန်ယင်နေတဲ့ ညီဝက်ကလေးကို " ညီကလေးရေ ... တို့တွေက အသားနဲ့ အမှုထမ်းရမှာဆိုတော့ တို့တာဝန်ကြေအောင် ထွက်ကြစို့ကွာ၊ ကြာရင် အမေအို ဒုက္ခဖြစ်တော့မယ်၊ ညီကလေးရေလာ . .လာ ... " ၀က်အကြီးကလေးရဲ့ စကားအဆုံး ညီဝက်ကလေးက မယုံနိုင်တဲ့ မျက်ဝန်းလေးတွေနဲ့ သူ့အစ်ကို ကို မော့ကြည့်တယ်၊ သူ့အစ်ကို တစ်ကယ်ပြောနေတာပါလားဆိုတာ သိတော့ မသွားပါရစေနဲ့ အစ်ကိုရယ်ဆိုတဲ့ အကြည့်လေးနဲ့ တောင်းပန် တိုးလျှိုးတယ်။ အစ်ကိုဝက်လေးကခေါင်းခါပြတယ်၊ " ဒါတို့တာဝန်ပဲကွာ၊ တို့အမေအိုကို ကျေးဇူးဆပ်ရမှာပေါ့ ညီကလေးရာ" တဲ့။ ညီဝက်ကလေးက တော်တော်ကြာကြာ တွေတွေကလေးဖြစ် သွားတယ်၊ တစ်သက်လုံး သူတို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အမေအိုကို ကျေးဇူးဆပ်ဖို့ အချိန်ရောက် ပြီပေါ့၊ သူတို့က ဒီအတွက်စောင့်နေရတာပဲလေ။ ညီဝက်ကလေးလက်ခံတဲ့အထိ အစ်ကို ၀က်ကလေး စောင့်နေရှာတယ်။ ပြီးတော့မှ ညီအစ်ကိုနှစ်ကောင် လှုပ်လှုပ် လှုပ်လှုပ်နဲ့ အမေအိုကြီး ရှိရာ တရွေ့ရွေ့ လှမ်းသွားကြတယ်။ သူတို့ကျေးဇူးရှင် အမေအိုကြီးဆီကတဆင့် သားသတ်သမားတွေ လက်ထဲအထိပေါ့ . . . .
လွင်နှင်းဆွေ
wonderful!!!!
ReplyDelete