Thursday, November 22, 2007

ရှေးရှေးတုန်းက ၁

မက်ခဲ့ရတဲ့ အိပ်မက်တွေနဲ့
မျှော်လင့်ခဲ့ရတဲ့ အနာဂတ်တွေ
အခုအချိန် အရည်ပျော်ခဲ့ပေမယ့်
နေခဲ့ရတဲ့ဘ၀အတွက် သေပျော်ပါပြီ။



တစ်ခါတလေကျတော့ အမှတ်တရဆိုတဲ့ အရာတွေက လူတွေအပေါ် အကောင်းအဆိုးထက် သက်ရောက်မှု ပိုများသလိုပဲ။ အစီအစဉ်တကျ လှုပ်ရှားနေတဲ့စိတ်တွေက တစ်ချိန်ကအရာတွေကြောင့် အစီအစဉ်မကျ ဖြစ်ကုန်ရော။ အခု ဒီဓာတ်ပုံထဲက အရာလေးတွေကြောင့် ခဏခဏ ကမောက်ကမ ဖြစ်ရတဲ့ စိတ်အကြောင်း ပြောပြချင်တယ်။ ပုလင်းလေးတစ်လုံး၊ နာရီလေးနဲ့ လက်စွပ်တစ်ကွင်း။ တစ်ချိန်တုန်းက ပျော်စရာ ပုံရိပ်တွေလေ။ အဲ့ဒီအချိန်တွေကပဲ ကြာတော့ မှုန်ဝါးဝါး ဒဏ္ဍာရီတွေ ဖြစ်ကုန်တယ်။ အရာအားလုံး မတည်မြဲတဲ့အထဲမှာ ဒီဓာတ်ပုံလေးကလည်း တစ်ချိန်က ဆန္ဒမျှော်လင့်ချက်တွေကို သယ်ပြီး ပုံရိပ်အဖြစ် ငြိမ်ငြိမ်လေးပဲ ကျန်ရစ်ခဲ့တယ်။ ပုလင်းလေးကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့သလို နာရီလေးလည်နေတာ ကြည့်ရင်းလည်း မိုးလင်းခဲ့ဖူးတယ်။ လက်စွပ်လေးကိုတော့ အခုထိ ပျော်ရွှင်ခြင်းအတွက် ကံကောင်းခြင်း အဆောင်လို့ ယုံကြည်နေတုန်းပဲ။ အပြာရောငှ်ခထနနည နဲ့ နာရီလေးကိုကာကွယ်ဖို့ ကျိုက်ထီးရိုးမှာ လက်တစ်ချောင်းလုံး ဒဏ်ရာရဖူးတယ်။ အဲ့ဒီပစ္စည်းလေး လက်ထဲရောက်တဲ့အချိန်က မိုးတွေရွာခါနီး ဇွန်လရဲ့ မနက်ခင်း ၁၀း၀၀ လောက်မှာပေါ့။ အဲ့ဒီအချိန်ကတည်းက နှလုံးခုန်သံတွေနဲ့ နာရီလေး သက်တမ်းဟာ အတူတူပဲ ဖြစ်ခဲ့တယ်။ အခုထိလည်း တူညီနေတုန်းပဲ။
နောင် နှစ်ပေါင်းများစွာကြာအောင် တူညီမှုတွေနဲ့ ..... ။

ရှေးရှေးတုန်းက ၂
တစ်ခါတုန်းက ကောင်းကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် လမ်းလျှောက်လာကြ တယ်။ ကောင်ကလေးလက်ထဲမှာ ထီးကောက်တစ်ချောင်း ကိုင်လို့။ သူတို့နှစ်ယောက်ပုံကြည့်ရတာ အလွန် ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေ ထင်တယ်။ နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ စကားတွေလည်း လှိုင်လို့။ သူတို့ပြောနေကြတာတွေကတော့ ရောက်တတ်ရာရာ ပျော်ရွှင်စရာတွေပဲပေါ့။ အပူအပင်မရှိ ငြိမ်းချမ်းမှု အပြည့်နဲ့။ ခဏနေတော့ လေတွေထန်လာတယ်။ မိုးနံ့တွေလည်း ရလာကြတယ်။ ညဦးပိုင်းဆိုတော့ လမ်းမီး တိုင်တွေအားနဲ့ မိုးပွင့်တွေကို မမြင်နိုင်ဘူး။ သူတို့လျှောက်နေတဲ့နေရာက သစ်ပင်တွေကြောင့် မိုးစက်တွေရဲ့ ထိတွေ့မှုလည်း မခံရဘူး ဖြစ်နေတယ်။ ဒါနဲ့ ကောင်မလေးက ကောင်လေးကို ဘာပြောလိုက်လဲမသိဘူး။ ကောင်ကလေးက ရှက်ပါတယ်ဟာ၊ မသွားချင်ပါဘူးတဲ့။ ကောင်မလေးက ထပ်ပြောတယ်။ နောက်ဆုံးတော့ ကောင်လေးလည်း မနေနိုင်တာနဲ့ သူတို့လျှောက်နေတဲ့လမ်းလေးရဲ့ ဘယ်ဘက်မှာရှိတဲ့ ကားလမ်းမဘက် လှမ်းသွားတယ်။ လမ်းမအစပ်ရောက်တော့ နောက်ကို ပြန်လှည့်ကြည့်တယ်။ ရပြီလားတဲ့။ ကောင်မလေးက ခေါင်းခါတယ်။ လက်ကို ရှေ့ကို ရမ်းပြတယ်။ အဓိပ္ပါယ်က ဆက်သွားဆိုတဲ့ သဘော။ ကောင်လေးလည်း မကြည်မသာနဲ့ ဆက်သွားတယ်။ သုံးလေးလှမ်းဆက်လှမ်းပြီး နောက်လှည့်ကြည့်ပြန်တယ်။ ကောင်မလေးက ခေါင်းခါပြီး ခြေဆောင့်ပြတယ်။ ဒီလိုနဲ့ ကောင်လေးက ကားလမ်းမအလယ်တည့်တည့်ရောက်သွားတယ်။ လမ်းမအလယ်ရောက်တော့ လက်ဝါးနှစ်ဖက်ဖြန့်ကြည့်တယ်။ ပြီးတော့ ကောင်မလေးဘက်လှည့်ပြီး အော်ပြော တယ်။ မိုးမရွာဖူးဟ။ နင် ငါ့ကို အရမ်းအနိုင်ကျင့်တယ်။ လူတွေဝိုင်းကြည့်နေပြီ။ ရှက်တာ သေတော့မယ်တဲ့။ သြော် ကောင်မလေးက ကောင်လေးကို မိုးရွာ မရွာ ကားလမ်းမအလယ်ထွက်ပြီး သွားကြည့်ခိုင်းတာကိုး။ ချစ်စရာကောင်းတဲ့အရွယ်တွေရဲ့ ချစ်စရာကောင်းတဲ့ စိတ်ကူးလေးပဲနော်။ အပြစ်မထင်သေးတဲ့အရွယ်မှာ နုပျိုတဲ့ အားအင်တွေနဲ့ လွတ်လပ်ပျော်ရွှင်မှုတွေ ခံစားခဲ့ရတဲ့ ကောင်လေးနဲ့ ကောင်မလေး အခုချိန် ဘယ်ဆီကို များ ရောက်နေကြပါလိမ့်နော်။ ဒါလည်း လွန်ခဲ့တဲ့နှစ်တွေမှာ ငြိမ်ငြိမ်လေးကျန်ခဲ့ရတဲ့ လွမ်းမောဖွယ် ရှေးရှေး တုန်းက ပုံပြင်လေးတစ်ပုဒ်ပဲပေါ့။

No comments:

Post a Comment